Wednesday, November 28, 2012

သင်သေသွားသော်

လူပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမယ် မှန်ပေသည်တည်း
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏အမျိုးသား စာစကားလည်း 
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချရွေ့ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(ဆရာကြီး ဇော်ဂျီ )

လမ်းခွဲ

ငါ .... မနမ်းခဲ့ဘူး 
အဆိပ်ရှိမှန်း သိခဲ့ရင်
... အခုတော့ ...
ငါ့ နှလုံးသား အဆိပ်သင့်ခဲ့ရပြီ
..... မင်းရဲ့ .....
တစ်ဖက်ကမ်းခတ်တဲ့ 
ဝင်္ကပါထဲ
ကျရောက်ခဲ့ပြီးမှ
လမ်းပြကြယ် အဖြစ်နဲ့လည်း
ငါ  မကိုးကွယ်လိုဘူး
တစ်ခုတော့ ပြောလိုက်မယ်
မင်းသာ .......  အဆိပ်မဲ့ပြီး 
အကြွေမစောပါစေနဲ့ ။

လွမ်းဝေ (ရွှေတူး )

ပေးဆပ်သူ

မင်းကို မတွေ့ရတဲ့ နေ့
ညဆိုတာ
ငါ့မှာ မရှိခဲ့ဘူး
ဒါကြောင့်
ဆို့နစ်နေတဲ့ လည်ချောင်းနဲ့
ချစ်တဲ့အကြောင်းတွေ
အန်ချခဲ့မိတာ
ဒီအကြောင်းက
မင်းကို မုန်တိုင်း ထန်စေခဲ့တာလား
မုန်တိုင်းထန်ပြီးရင်
လေးညှင်းလာတယ် ဆိုပေမယ့်
ငါ့ အတွက်တော့
နွေလယ်မှာ မိုးမျှော်ရသလို
စီးဆင်းစ စမ်းချောင်းလေးတောင်
ပျောက်ခဲ့ရပေါ့ 
လေးညှင်းတိုက်ဖို့ 
စတေးရမယ်ဆိုရင်
... မင်း အတွက် ... 
သိုးတစ်ကောင် ဖြစ်ရလည်း 
ငါ ...ကျေနပ်တယ် ။

လွမ်းဝေ (ရွှေတူး)

သံသယ ခြေလှမ်း

အကျဉ်းတန်းတဲ့ သန်းခေါင်ယံဟာ
လင်းလက်သွားတဲ့ အပြုံးတစ်ပွင့်ကြောင့်
ငါ နိုးထခဲ့တယ်
...... အပြုံးပိုင်ရှင်မလေးရေ ......
မင်းရဲ့ အပြုံးနောက်ကွယ်မှာ
ကျောက်ဆောင်လို 
မာယာတွေ ရှိနေမလား 
ကမ်းလက်မရှိတဲ့ အမှောင်လမ်း
နောက်ထပ်တစ်ကြိမ်
လျှောက်ရဦးမလား
သံသယတွေနဲ့
ငါ့ ဘဝ  ရှင်သန်ဖို့
..... လှမ်းခဲ့တော့မယ် .....။

လွမ်းဝေ (ရွှေတူး)

Tuesday, November 27, 2012

အဖြည့်ခံ

ထားခဲ့လိုက်ပါ 
အစကတည်းက 
ငါ့ရဲ့ နှင်းဆီဟာ ရယူခြင်း မရှိပဲ
မင်းအပေါ် ဝေခဲ့တာပါ
ဥသြတွန်လို့ လွမ်းရမှန်း မသိတဲ့ ငါ
အခုတော့ ......
လွမ်းတတ်နေပြီ
မင်းရဲ့ ပျော်ရွှင်မှုအတွက်
အချစ်ကို လည်ဆင်းပြီး ကပြခဲ့တာ 
အလိုမရှိလို့
အလွမ်းတွေသာ အဖော်လုပ်ပြီး
ကျန်ခဲ့တာလဲ ငါပါပဲ
‘မေ့လိုက်ပါ ’ဆိုတဲ့
စကားတစ်ခွန်းနဲ့
ငါ့ ဘဝကို 
အမှောင်ကျစေခဲ့တယ် ဆိုတာ
မင်း ... သိပါ့မလား
ငါ့    အဖြစ်က
ကိုယ်ရေးတဲ့ ကံကြမ္မာကို
မင်းရှေ့မှာ ဖတ်ခွင့် မရခဲ့သူပါ
မျှော်လင့်သေးတယ်ဆိုရင်
ဝေဒနာတွေနဲ့ နောက်တစ်ခါလောက်
ကပြချင်မိသေးတယ် ...။

လွမ်းဝေ (ရွှေတူး )

စေလိုရာ စေ

လူတိုင်းကြိုက်တဲ့ အရာကို 
မက်မောသူ မဟုတ်ပေမယ့်
ရွှေအိုရောင် သံယောဇဉ်ကိုတော့ 
တွယ်တာခဲ့ဖူးပါတယ်
ထင်ရာမြင်ရာတွေ
အားလုံးရဲ့ နောက်ကွယ်
အဖြေတစ်ခုက
တုန်ရီစွာ ကြားနေရတဲ့ သံစဉ်ဟောင်း
ရွှေအိုရောင် သံယောဇဉ်လို့ 
ထင်ခဲ့ပေမယ့်
အညိုရောင်တွေ ဖြန့်ကျဲထားတဲ့
ရေမရောသော အလွမ်းတွေ
ညစဉ်ရက်စက် စားသုံးဖို့ 
ပဉ္စလက်ဆန်ဆန် နာရီအိုကြီးက 
လက်ကမ်းခေါ်ရာ 
ကိုယ်မငြင်းပဲ လိုက်လာ
သူစေလိုရာ စေ
ခြွေလိုက ခြွေ
ကိုယ် ....ကျေနပ်ပါတယ်။ 

ဆေးမြီးတို (ငါးမည်ရ)

ရင်ခွင်ဟောင်း

စက္ကန့်သံတွေ ဖိတ်စင်ကျလို့
အလွမ်းတွေ  အုံပြနေတဲ့
ဟေမာန်ညချမ်းလေးဟာ
ရင်ဘတ်ထဲထိ ကိုက်ခဲနေတယ်
အဆက်မပြတ် ခုတ်မောင်းနေတဲ့ကြားက
ရပ်တန့်သွားတဲ့ ရင်ခုန်သံ အချို့
တစ်စ တစ်စ သွေးပျက်ခဲ့တဲ့
ဒီလို ညချမ်း
ဒီလို ရာသီခွင်ရောက်တိုင်း
အစိမ်းလိုက် ပဲ့ကြွေသွားတဲ့
ငါတို့ရဲ့ ချစ်ခြင်းတွေ
မြောက်ပြန်လေနဲ့အတူ ရွက်လွင့်သွားခဲ့လေသလား
အိပ်မက်တွေထဲကတော့
နိုးထခွင့် ပြုပါ
အလွမ်းနဲ့ စောင့်နေဆဲ စောင့်နေခဲ့တဲ့
ငါ့ ရင်ခွင်အိုထဲ
ဒီဆောင်းနဲ့အတူ ပြန်လာခဲ့ပါ .....။

ဆေးမြီးတို (ငါးမည်ရ)

လကို ဖုံးသော တိမ်တိုက်

    
                  " အလှမ်းမဝေးပေါင် မန္တလေးတောင် ကျုံးမြို့ရိုးနဲ့ ရာဇဝင်ချည်နှောင် ဆရာတင် နန်းတော်ရှေ့က သီချင်းလေးရေးလို့ လာခဲ့ချင်အောင် ဆိုတဲ့ သီချင်းသံလေးကို မကြားရတာ ကြာပြီဖြစ်သလို ယနေ့ မရောက်တာကြာပြီ ဖြစ်သော မန္တလေးတောင်သို့ သူငယ်ချင်းတစ်ယောက်က သွားရအောင် လာခေါ်သည်နှင့် ရောက်ဖြစ်ခဲ့သည် ။ ဆိုင်ကယ်ကို တောင်ခြေဆိုင်ကယ် အပ်ရာ ဌာနမှာအပ်ခဲ့ပြီး ခြေလျင်တက်ခဲ့ကြသည် ခြေလျင်တက်ရင်း စကားလည်းပြောရင်း  တက်ခဲ့လိုက်တာ တစ်ဝက်နီးပါးလောက်ရောက်တော့ မောလဲမော ညောင်းလဲညောင်းလာတာနဲ့ နားဖို့ရန် စောင်းတန်းခုံပေါ်သို့ တက်ထိုင်လိုက်သည်နှင့် ကျွန်တော့်တို့ထိုင်သည့် မျက်စောင်းထိုးနေရာလောက်တွင် စုံတွဲတစ်တွဲကိုထိုင်နေတာ မြင်လိုက်ရသည် မျက်လုံးများ မြင်လဲမြင်တတ်ပါရဲ့လိုတောင် တွေးမိပါရဲ့ မိန်းကလေးကလည်း ခပ်ငယ်ငယ်ချောချော ယောကျာင်္းလေးဖြစ်သူမှာလည်း လူရည်သန့်လေးပါ ကျွန်တော့်ညီ ညီမအရွယ် ကျောင်းသူကျောင်းသား တက္ကသိုလ် တက်သည့်အရွယ် ငယ်ငယ်ရွယ်လေးတွေပါ  မြင်မကောင်းအောင်ပျော်ရွှင်ကြည်နူးကြည်စယ်နေကြတာ မြင်လိုက်တော့ ရင်ထဲနင့်သွားမိတယ်။ အရင်တုန်းက  မန္တလေးတောင်ဆိုတာနဲ့ ယခု မြင်ကွင်းက ဆီနဲ့ရေလို ကွာခြားနေသည်  " အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို  '' ဆိုတာက ဒီလိုပါ ။ မန်းဆိုတော့ မ အက္ခရာ ကြာသပတေးနံ ဖြစ်ပါတယ်  ကြာသပတေးနံသည်  ကိန်းဂဏန်းအရ ၅ ဂဏန်း ဖြစ်ပါတယ်။ ထို ၅ ကိန်းဂဏန်းဆိုသည်မှာ ၅ ပါးသီလ ကို  ဖော်ကြူး ခြင်း နိမိတ်ကို ပုံဖော်ပါတယ်။ တောင် - ဆိုတာက စနေနံ ၇ ကိန်းဂဏန်းကို ရပါတယ် ။ ၇ ကိန်းဂဏန်းကတော့ သဒ္ဒါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား ၇ ပါးကို  ကိုယ်စားပြု ခြင်း နိမိတ်ကို ဖော်ကြူးပါတယ်။ ရိပ်- ဆိုတာက ဗုဒ္ဒဟူး နံ ၄ကိန်းဂဏန်း ။ ထို ၄ ကိန်းဂဏန်းကတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ် တရား ၄ပါးကို ကိုယ်စားပြု ခြင်း နိမိတ်ကို ဖော်ကြူးပါတယ်။ ခို- ဆိုတာက တနလာင်္နံ ၂ကိန်းဂဏန်း . ထို ၂ကိန်းဂဏန်းကတော့ ဟိရီ သြတ္တပ္ပ ဆိုတဲ့ ရှက်ကြောက်ရမယ့် တရား ၂ပါးကို ရည်ညွှန်းပြီး ရှေးပညာရှိ ဆရာတော်ကြီးဖြစ်တဲ့ အဘိဓဇမဟာရဌဂုရု မဲဘောင်ဆရာတော်ဘုရား ဘဒ္ဒန္တ အိန္ဒြိယ က အခုလို ကဗျာလေးနဲ့ " အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို '' လို့ ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အခု ဒီဘက်ခေတ် ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့တော့ အရိပ်ခိုတာချင်း မတူတော့သလို ယဉ်ကျေးမှုထွန်းကားရာ ရှေးက မန္တလေးနဲ့ အခုခေတ် မန္တလေး သိပ်ကို ကွာခြားသွားခဲ့ပါပြီ  ဒီဘက်ခေတ်မှာ IT  ခေတ်ဆိုသည်နှင့်  နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်လာသည်နှင့် အညီ အင်တာနက်ပေါ်တင်ထားတဲ့ ဟိုဘက်နိုင်ငံရဲ့ ဖက်ရှင်ဒီဇိုငးတွေကို အတုယူပြီး မိန်းကလေးများဟာလည်း ဘုရားသွားကျောင်းပြန်တာကအစ ဘောင်းဘီတို စကတ်အတို အကျီင်္ မလုံတလုံများနဲ့ ကျုံးဘေးပတ်ချာလည် နေရာအနံ့အပြားမှာ မကြည့်ချင်ပဲ မြင်နေရတာ မျက်စိရှက်စရာပါ။ ယောကျာင်္းလေးများဆိုရင်လျှင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးလိပ်လက်ကြားညှပ် ကွမ်းက တစ်မြုံမြုံ ဆိုင်ကယ်တစ်ဝီဝီနဲ့ စည်ဘီယာဆိုင်တော်တော်များများမှာ လူကြီးတွေထက် လူငယ်တွေက များလာတာ တွေ့ရတော့ အနာဂတ် ရင့်နင့်စရာပါ။ ခေတ်ဆိုတဲ့ ဝေါဟာရ ကိုတော့ မပြောလိုပါ။ အတုယူသင့် အတုမယူသင့်ဆိုတဲ့ ကိုယ်ပိုင် တွေးခေါ်မှု ပညာ ထွန်းကားလာပြီဆိုတာ ပြောစရာလိုမယ် မထင်ပါ။ ဘယ်သွားသွား ဘာလုပ်လုပ် ပြိုင်ဆိုင်ာကြတဲ့ ခေတ်ကြီးထဲမှာ လူငယ်များဟာ လူကြီးတွေရဲ့ အတ္တများရဲ့ စေခိုင်းရာ စက်ရုပ်တွေ ဖြစ်လာကြသလို  " သက်ကြီးစကား သက်ငယ်ကြား ''  ဆိုတာတွေ အုပ်ထိန်းသူတွေနဲ့ ဝေးလာတာနဲ့ အမျှ လူငယ်တွေက အတုမြင် အတတ်သင် ဆိုတာ ဖြစ်လာပါပြီ။ '' နတ္ထိ လောကေ အနိန္ဒိတော ''  လောကထဲမှာ အကဲ့ရဲ့ မခံရသူ မရှိ ဆိုသလို လူတိုင်းဟာ အမှားနဲ့တော့ မကင်းနိုင်ပါဘူး သို့သော်  ဖျက်မရတဲ့ အမှား ပြင်မရနိုင်တဲ့ အမှုမျိုးကိုတော့ မကျူးလွန်မဖို့ တာဝန်ရှိသည်ဟု ဆိုသည်ထက် အသိရှိဖို့ လိုအပ်သည်ဟု ထင်မိပါသည်။ ကိုယ် မသိပဲ လုပ်မိတဲ့ အမှားထက် သိရက်နဲ့ လုပ်မိတဲ့ အမှားက ပိုပြီး သိသင့်ပါတယ်။ အနာဂတ်မှာ ပြိုင်ဆိုင်ခြင်းနဲ့ လျှောက်လှမ်းဖို့ထက် လမ်းပြပေးနိုင်သူဖြစ်ဖို့ ကိုယ့် ဘာသာ သာသနာ ကိုယ့်ရွာ ကိုယ့်မြို့ ကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံ အေးချမ်းသာယာတိုးတက်ဖို့ အရာရာမှာ အတ္တထက် ကိယ်ချင်းစာနာစိတ် ရှိဖို့ ကိုယ်ထင်မြင်ယူဆချက်ထက်  နားလည်မှုရှိဖို့က ပိုပြီး အရေးကြီးသလို ဦးဆောင် သူ အတုယူသူက အရိပ်ကိုလဲ နား အကိုင်းကိုလည်း ချိုး ဆိုတာမျိုး မဖြစ်ရအောင် ကိုယ်မှာ ကိုင်ထားတဲ့ အတ္တဆေးတံလေးနဲ့ လောကကြီးကို အလှမဆင်ပဲ ပရဟိတ ဆေးတံလေးနဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ်ယဉ်ကျေးမှု       လောကကြီးကို   ဆေးရောင်ခြယ်လိုက်မယ်ဆိုရင်  လကို ဖုံးနေတဲ့ တိမ်တိုက်တွေကို ဖယ်ရှားလိုက်သလို လမင်းကြီးဆီက အေးမြပြီးသာယာတဲ အလင်းရောင် ရမှာ သေချာပါတယ်လို့ ပြောရင်းဖြင့် ကိုယ်လုပ်သည့် လုပ်ရပ်  မှားသည်လား ? မှန်သည်လား ? ဆိုတာကို တွေးပြီး လုပ်ရမယ် တာဝန်တွေ လုပ်ကြမယ်ဆိုရင် .............
 ဆေးမြီးတို (ငါးမည်ရ)  အတွေးအမြင် ရသစာတန်း

Monday, November 26, 2012

အလွမ်း ဋီကာ

ဝါကျတစ်ကြောင်းဖြစ်ဖို့ 
လူလားမမြောက်ခဲ့တဲ့ အတွေးတွေ
ခေါင်းထဲမှာ လမပြည့်ပဲ 
ပျက်ကျခဲ့ရပြန်ပေါ့
စံပါယ်ပန်းတွေ သီထားတဲ့ ညမှာပဲ
မဟူရာ ဆံနွယ်တွေ 
ဖွားလျားချပြီး ရောက်လာပြန်ပြီလား ...ကဝေပျို
ပိုးဆိုးပက်စက် ပြုစားခဲ့တဲ့ ညတွေနဲ့ 
ဒီ ညကိုလဲ ကျိန်စာတိုက် 
ပြုစားဦးမလို့လား ?
ညဟာ အမှောင်သဲ့သဲ့ 
အမှောင်ကို အမူး သောက်ထားတဲ့ ည
အိပ်မပျော်သော ညဝယ် 
ရင်ကို လှုပ်နိုးသော သူ့ အပြုံးများ
ဝေးသွားစေချင်
အလွမ်းသည် ကမ်းမတွေ့ရသော
ပင်လယ်သဖွယ်လို .........။

သေဆုံးသွားသော ဖုန်းတစ်လုံး

'' သေဆုံးသွားသော ဖုန်းတစ်လုံး "
အဲဒီ  သတင်းက
လူတစ်ယောက်ရဲ့ 
မက်လက်စ အိပ်မက်တွေကို သတ်လိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
အသူတစ်ရာချောက်ထဲ တွန်းပို့လိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
နေနဲ့ည လွဲသွားစေတယ်။
အဲဒီ သတင်းက 
လူတစ်ယောက်ကို 
အရက်မူးအောင် တိုက်လိုက်တယ်။
အဲဒီ သတင်းက 
လူတစ်ယောက်ကို 
မချစ်ရဲအောင် သင်ပေးလိုက်တယ်။
အဲဒီ သတင်းက
လူတစ်ယောက်ကို
ဖုန်းမဆက်ရဲအောင် သင်ပေးလိုက်တယ်။
နောက်ဆုံး ..........
အဲဒီ သတင်းက 
ဖုန်းကလေးကို အပြီးအပိုင် 
 သတ်လိုက်တယ်
သူမ " လက်ထပ်လိုက်ပြီ " တဲ့ ။

Saturday, November 24, 2012

အချစ်

ရိုးရိုးသားသား
တစ်ဖြောင့်တည်း
ရိုးမြေကျ စီးဆင်းမှုနဲ့ 
မင်းအတွက်တာ 
ပင်လုံးကျွတ် ဝေတယ်
                                       

                        ဇော်ကက (မကွေး)

Monday, November 12, 2012

ဒီ ညလေးသိလေရဲ့

လရောင်နဲ့ မွှေထားတဲ့ အပြုံးမို့
ဒီရင်မှာ
အေးငြိမ်းမှုတွေ ပေါင်းကူး
ကြယ်တွေ စူးတဲ့ ညမှာ
ရင်တစ်ခုလုံးဟာ အမှောင် ဖွဲဖွဲ။
မတွေတာ ကြာတဲ့ မျက်ဝန်းမှာ 
အစိမ်းရောင် စုပ်ချက်ပါးပါး
ဟန်ဆောင် သူစိမ်းဆန်မှုက တွဲခို
အရင်လို
ဖော်ရွေမှုတွေက အသစ်မဆန်တော့
အိုးမဲ့အိမ်မဲ့အဖြစ် ။
ပွင့်မရတဲ့ အငုံတစ်ခုရဲ့ 
ရင်ခုန်သံမှာ 
နှလုံးသား စစ်စစ်နဲ့ 
တီးခတ်နေတဲ့ သံစဉ်တွေ 
ရှိတဲ့အကြောင်း 
ဒီညလေး   သိလေရဲ့  ။

သက်တမ်းစေ့

ငါဆိုတဲ့ကောင်က
မင်း ဘရိတ်အုပ်တိုင်း ရပ်တန့်ခဲ့ရတဲ့ ကား
မင်း လိုရာကို မောင်းနိုင်တယ်
မင်း ခေါ်ရာကို လိုက်လို့
နောက်ပြောင် စိတ်ဆိုး 
ပျော်ရွှင် ကြည်နူးမှုတွေနဲ့ 
ရာသီလိုက်  အရောင်ပြောင်းတတ်တဲ့
အလှတရားတွေကြားမှာ
တစ်စိုက်မက်မက် ရူရှိုက်မိခဲ့တယ်။
အတိတ်ကို ပြန်ဖတ်မိတဲ့ ဇာတ်လမ်း
လေး, နှစ်ဆိုတဲ့ 
တို့နှစ်ယောက်ရဲ့ သက်တမ်းမှာ
အစတော့
တွေ့နေကျ  နေရာလေးရဲ့ 
အထူးဧည်သည်က  အချစ်
အချိန်တွေက တောင်ကျရေလို  မြန်ဆန်ခဲ့တယ်။
အခုတော့
ဖောဖောသီသီ ရွာချခဲ့တဲ့ ကံကြမ္မာဆိုးမှာ 
တို့နှစ်ယောက်ကို  တိတ်ဆိတ်မှုတွေနဲ့
တွေ့နေကျ နေရာလေးက 
အထူးဧည်သည်ဟာ အလွမ်း
မိုးကျအိုင်လို ဗွှတ်ထစေခဲ့ပြီ ။       ။

Saturday, November 10, 2012

လိုအပ်နေသော ......ဥယျာဉ်မှူးလေး


အရင်လို
သေသပ်မလှပနိုင်တော့တဲ့
ငါ့ပန်းခြံလေးက
ဥယျာဉ်မှူးလေး မရှိတော့ပေမယ့်
သူ့ရဲ့ အငွေ့သက်တွေနဲ့ 
စိမ်းလန်းမြဲတိုင်း စိမ်းလန်းလို့
နောက်တစ်ယောက်  မငှားနိုင်တော့တဲ့အထိ .....
စိုက်ပျိုးသူ  မရှိတဲ့ နောက်ပိုင်း 
အလေ့ကျ ပေါက်  မျိုးစေ့တွေနဲ့ 
ကျေးငှက်တွေ တေးမသာတော့ဘူး
အတိတ်တိုင်း မလှပတော့တဲ့ 
ဒီ  တောလေးအတွက်တော့
အရင်လို
စနစ်တကျ
ပေါင်းသင် ရေလောင်း စိုက်ပျိုးပေးတတ်တဲ့
ဥယျာဉ်မှူးလေးကို 
စောင့်စားမျှော်လင့်လင့်နေမိတယ် 

ကြင်သူ .......ဝေး








 အခုဆိုရင်
လေညှင်းတောင် မတိုက်ခတ်တော့တဲ့ 
ငါ့ရဲ့ ညနေခင်းတွေ
အိမ်မြှောင်စုပ်ထိုးသံက လွဲလို့
အခန်းကျဉ်းဟာလဲ
တိတ်ဆိတ်လွန်းခဲ့ပေါ့
အိပ်မက်တောင် မမက်ရဲတဲ့ အထိ
ဝေးကွာသွားကြပြီ။
တစ်ချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်နဲ့
အသက်ဆက်ခဲ့ရတဲ့ ကာလတွေက
အရူးတစ်ယောက်ရဲ့ ခြေထောက်လို
သန်မာလာခဲ့တယ်။
တကယ်ပါ
''အကြွင်းမဲ့ ယုံတယ်''ဆိုတဲ့
စကားတစ်ခွန်းနဲ့တင်
ငါ့ဘဝက
မင်း လက်ထဲမှာ
ဗလုံးဗထွေး ဆုံပါးသွားခဲ့ရပြီ......။

တောင်တန်းငိုသံ

ဒီမိုးကုတ် စက်ဝိုင်းအောက်က
ရေမျက်နှာပြင် ၆၀၀၀လောက်အထက်
တိမ်တိုက်တွေ ဝါးမျိုထားတဲ့ 
တောင်တန်းတွေရဲ့ နေ့များ .......
ရိုးရာ ယဉ်ကျေးမှုတွေနဲ့ 
ထပ်တူမကျတဲ့ နေထိုင်မှုတွေထဲ
အလေ့ကျပေါက်တဲ့ သစ်ပင်တစ်ချို့နဲ့
အချိုးကွေ့ပေါတဲ့ လမ်းကျဉ်းကလေး
တွဲခိုနေတဲ့ ထင်းရှုးနဲ့
ခြေတံရှည် အိမ်ကလေးများ ........
ဒီနယ်မှာ
ရာသီတွေ မိုးသည်းခဲ့တယ် 
ဘာကိုမှ
မယ်မယ်ရရ မေ့မရသေးတဲ့ 
ဒီ   အတိတ်
စိမ်းစိမ်းအုပ်အုပ်များ .......
တောင်ကတုံးတွေ ဖြတ်ကျော်ခဲ့
တောင်ရိုင်းတွေကိုလည်း ဖြတ်ကျော်ခဲ့
မြို့ပြရဲ့ မီးပျက်လမိုက်ညထဲ
ငါ့ခန္ဒာ ၅ ပါးပေါ် 
တောင်တန်းတွေ ငိုကြွေးသွားခဲ့
တစ်နွေမှာ
ရွက်ဟောင်းတွေ မြေခသွားခဲ့တယ်။ 
(မှတ်ချက်။          ။ချင်းတောင်တန်းရောက် အမှတ်တရ)

Friday, November 9, 2012

ဝေဒနာ

အမှတ်တမဲ့
ဝင်ရောက်ခဲ့ခြင်း မဟုတ်ပါ
ရနံ့တစ်ခုကိုတွေ့လို့ 
မေ့မေ့မူးမူး
မင်းရဲ့ အပြုံးတစ်ချက်နဲ့တင်
ငါ့ကမ္ဘာကြီး နေဝင်သွားခဲ့တယ်
အနမ်းတွေ မြေခလို့
အလွမ်းတွေ ကြွေပြနေတာ မဟုတ်ဘူး ချစ်သူ။
မင်းရဲ့ အပြုံးကို အရက်ခွက်ထဲ
မွှေနှောက်
ငါ မူးအောင် သောက်လိုက်ချင်တယ်
မင်းနဲ့ ဝေးတဲ့ ခဏမှာ
ငါ့ ဘဝ ညတာ ရှည်ခဲ့တယ်
အသဲကွဲလို့ သေတဲ့လူ မရှိပေမယ့်
မသေပဲ အသဲကွဲတာက
သေသွားတာထက်တောင် ပိုဆိုးတယ်
လမ်းခွဲရမှာကို
ကြောက်တယ်လို့ ပြောခဲ့စဉ်က
တကယ်တမ်း
ထိန့်လန့်ခဲ့ရသူဟာ ကိုယ်ပါ
အလွမ်းဆိုတာ ....
သရဲခြောက်ခံရသလို
အမည်ဖော် မရတဲ့ ရောဂါ တစ်ခုလေလား ?

Thursday, November 8, 2012

အလွမ်း

အလွမ်းဒဏ်ကို မခံစားနိုင်လို့

တစ်စက်စက် ကျလာတဲ့

နှလုံးသားရဲ့ သွေးစက်တွေ

ခံစားခြင်း Album ထဲ

...
နာကျင်ခြင်း ဝေဒနာတွေထည့်

လူတကာမြင်အောင်

ရေးဖွဲ့နေတာ မဟုတ်ပါဘူး

ဒို့နှစ်ယောက်တည်း နားလည်တဲ့

ဘာသာမဲ့ မျက်ဝန်းထဲမှာတင်

မြင်နိုင်ပါတယ် ....ချစ်သူ

နေချင်တာ မင်းအနား

ဘယ်ညာ တစ်ဖက်စီမှာက

အလွမ်းကလွဲလို့ ဘာမှမရှိ

ဆန္ဒနဲ့ဘဝ ထပ်တူမကျခြင်းအပေါ်

နေတတ်ထိုင်တတ်အောင် ကြိုးစားသော်လည်း

တစ်ယောက်တည်း နေတဲ့

အထီးကျန်ကမ္ဘာထဲ

တံခါးခေါက် ဝင်လာသူကိုလဲ

လက်ပြလို့ နှုတ်ဆက်ပြီး

နှင်မထုတ်လိုတဲ့ အဖြစ်က

ninny လို့ ပြောချင်လဲပြော

အဝေးနေပေမယ့် နှလုံးသားထဲမှာ

အိပ်စက်နေတဲ့ ချစ်သူကို

မနိုးရက်တာက .........အလွမ်းတဲ့။

အပြီးတိုင်







အစဉ်အလာဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ

မင်းရဲ့ အချစ်တွေ မြှပ်နှံထားလိုက်ပြီလား

ငါဟာ မင်းအတွက် ဆက်မတွေချင်လောက်အောင်

နာကျဉ်း သိမ်ငယ် (ဒါမှမဟုတ် )

...

ကြီးမြတ်လွန်းနေသလား ?

အချစ်ဆိုတာလည်း ကြီးမြတ်ခြင်းတစ်ခုပဲလေ

ကလေးတွေ မဟုတ်တော့လို့ ခံစားချက်တွေက

လူကြီးဆန်နေတာပါ .................

ငါမျှော်လင့်ခဲ့သမျှ တယုတယ

သိမ်းဆည်းထားသမျှ မင်း အသံလေး

အခုတော့.....

တစ်သံသရာစာ ဝေးရမယ်ထင်ပါရဲ့

အဝေးဆုံးတွေနဲ့ ချည်း ဘဝကို

ဖြတ်သန်းလာခဲ့ရသူမို့ အဝေးဟာ

မဆန်းပေမယ့် မင်းကို လွပ်လပ်စွာ

မလွမ်းရတာ ရင်မှာ နာကျင်လျှက်..........

ကြယ်တွေ စုံတဲ့ ညမှာ

ညတွေကို နောက်ပြန်ရေရင်း

လေပြေလေညှုင်းမှာ မင်းကိုယ်သင်းရနံ့လေး ရလာ

ရလာ သယောင်ယောင်

ညနဲ့ အလွမ်းဟာ ထပ်တူကျနေတဲ့ အမှောင်ပေါ့

တစ်ယောက်တည်း ဆိုပေမယ့်

ကိုယ့်အပေါ် စီးဝင်နေတဲ့ မင်း အပြုံးတွေ

ပြန်ခေါ်လိုက်တိုင်း ရောက်ရောက်လာတဲ့

မင်း စကားသံတွေ..............

မင်းနဲ့ ပတ်သမျှအရာ အားလုံး

ဘယ်လို နိဂုံးမျိုးနဲ့မှ

အဆုံးသတ်မရ........။

အို.......တဲ့ ငါ့ကို ပြုစားနေတဲ့ ကဝေပျို

ညထဲကို ဝင်ခဲ့ပါ

မရှိခြင်းတွေ ခမ်းနားထည်ဝါတဲ့

ငါ့ကမ္ဘာထဲကို ဝင်ခဲ့ပါ

ပြီးတော့ ...ပြန်ထွက်သွားပါ

ငါတက်နိုင်တာဆိုလို့

အဲဒီ ခွင်လွှတ်နားလည်ခြင်းသာ ရှိရဲ့

မင်း မလိုအပ်တာတွေပဲ ပေးချင်တဲ့ ဒီ ငမိုက်သား

မင်းထားခဲ့တာ အမှန်ဆုံးပါ.........။

လွဲနေတဲ့ ဇာတာ

နက္ခတ် ဗေဒ ဆရာက
လောကထဲ နေချင်အောင်များ
မှားရေးပေးခဲ့လေသလား မသိ
ရာဇ ဖွားတဲ့လေ
အခု ချိန်ထိ ဘဝဟာ
ခပ်ရိုင်းရိုင်း ကံကြမ္မာ ဖိနပ်အောက်က
ရုန်းထွက်ဖို့ ကြိုးစားနေရ

နိယာမ












ဇာတ်အိမ် တစ်ခုလုံးအတွက်
ငါတို့က မုဆိုး
ငါတို့ပဲ သားကောင်
ဒီလိုပဲ ကပြကြရင်း
မျောတဲ့အခါ မျောနဲ့
အဓိပ်ပါယ် ရှိရှိ
ဆန်တက်ဖို့ ဝန်လေးနေကြရဲ့
ဒါပဲ ဘဝဆိုတာ
တူဖြစ်လိုက် ပေဖြစ်လိုက်။။။

အလွမ်းနာ

ခပ်တည်တည် နေထိုင်ခဲ့ပေမယ့်
နေသားမကျသေးတဲ့ အလွမ်းတွေက
ရင်ခွင်ရိုင်းထဲကို
အပူလှိုင်း ဖြတ်ရှောက်သွားသလိုပါပဲ
ဖြစ်သင့်တာထက် လုပ်သင့်တာကို
ဦးစားပေးရင်း
မင်းနဲ့ငါဟာလဲ
တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို
ပြဒါးတစ်လမ်း သံတစ်လမ်း
...
ဥတုသုံးပါးဆေးနဲ့
အနာကျက်အောင် ကုစားပေမယ့်
အမာရွတ်ကို စမ်းမိတိုင်း
အတိတ်တွေက ထထ ဟောင်တယ်။
အတိတ်ကို အတိတ်တိုင်း မထားမိခဲ့လို့
သူနဲ့ ရှိခဲ့တဲ့ အချိန်တွေက
ငါ့အတွက်
ဒဏ်ရာ တစ်ခုလို
တွဲရှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ဖူးခဲ့ နေရာလေးတွေက
အခုတော့ ...........
ဆူးခရားထက်က လမ်းတွေအလား
ငါ့ ရင်ကို စုတ်ထိုးနေခဲ့ပြီ .........။

-